Friday, January 29, 2010

ဖြေနေကျ အဖြေလေးမို့...

မာယာတွေများလားလို့ ဦးနှောက်နဲ့ချင့်ချိန်နေလဲ
အဖြေမှန်မထွက်ဘဲနဲ့ စုံလုံးကန်းခဲ့ပြန်ပြီ
ငါဘာလို့ ဒီလောက်အမှတ်မရှိတာလဲလို့
သူငယ်ချင်းတွေ ၀ိုင်းပြောနေကြတော့လည်း
ငါ တကယ်ချစ်မိနေလို့ပါလို့ အရှက်မရှိဘဲ ဖြေမိတုန်းပဲ...

အလိမ်အညာတွေပါလို့ သတိတွေပေးနေကြလည်းပဲ
ချိုမြိန်စေမဲ့ ကာရံတွေပါလို့ ယုံကြည်နေမိတုန်းပဲ
ငါဘာလို့ ဒီလောက်တုံးအသွားတာလဲလို့
အပြစ်တင်လာသူတချို့ကိုတော့ ငါပြုံးပြရင်းပဲ
အချစ်ဆိုတာ ဒီလိုပဲလို့ နားလည်ချင်ယောင်ဆောင်ခဲ့တာပဲ....

တခါတလေပြုံးပြနေတဲ့ နင့်အပြုံးလေးတွေကို
ငါ တွေတွေလေးကြည့်ရင်းပဲ ငါထပ်အရှုံးပေးခဲ့တယ်
မကြာမကြာ စူးရဲရဲနင့်အကြည့်တွေကိုပဲ
ငါ စိုးရွံ့ ရွံ့ နဲ့ပဲ ခိုးခိုးကြည့်ပြီး နှစ်ခြိုက်နေခဲ့တယ်
ငါ့မျက်လုံးတွေထဲမှာ အပြုံးဘာသာနဲ့ စကားတွေဆိုနေခဲ့တာပဲ....

နှိုးစက် တစ်ခုဖြစ်သွားချိန်လေးမှာတောင်
တာဝန်ဆိုတာတစ်ခုအတွက် အချိန်မှန်မှန် နိုးထခွင့်ပေးရမယ်
ငါကရော နင့်အတွက်နှိုးစက်တစ်ခုဖြစ်ခွင့်ရခဲ့ရင်
နင့်ရဲ့ မနက်ခင်းနာရီလေးတွေတိုင်း ငါအချစ်တွေနဲ့နိုးထခွင့်ပေးရမှာပါလား
ငါတကယ်ပဲ နင့်နှိုးစက်လေး ဖြစ်ခွင့်ရချင်ခဲ့တာပါပဲ.....

ကာလတစ်ခုအတွင်းမှာ သိပ်ချစ်သွားတာလားလို့မေးလာခဲ့ရင်
သံယောဇဉ်တွေကို သူလက်နက်အဖြစ်ယူဆောင်လာပြီး
ငါ့ကို ခပ်တင်းတင်းတုတ်နှောင်ထားရစ်ခဲ့တာပါလို့
ရုန်းထွက်ဖို့ မေ့လျော့ရင်းပဲ ချစ်တတ်ဖို့သိခဲ့တာပါလား
ငါဖြေနေကျအဖြေလေးတစ်ခုထဲကိုပဲ ငါဆုပ်ကိုင်ထားတုန်းပဲ.....

No comments:

Post a Comment