Friday, January 29, 2010

မျက်ရည်များနဲ့ သူတို့၏အတ္ထုပတ္တိ

တစ်ဖက်သတ်ချစ်ခြင်းမျိုး မဟုတ်ခဲ့ပေမဲ့
တစ်ဦးတည်းချစ်ခြင်း ဖြစ်ဖြစ်သွားလို့
နှစ်ဦးသားချစ်ခြင်းတွေကြားထဲ
မျက်ရည်ကအသက်ဆက်ပေးခဲ့ရတယ်...

တခါတရံနင်ပြောတဲ့အချစ်ဆိုတာက
ငါ့ကိုလောင်မြိုက်စေတဲ့မီးစတစ်စဖြစ်ရုံသက်သက်
တချိန်ချိန်ရောက်တိုင်း နေရစ်ခဲ့နေရလည်းပဲ
အမှတ်မရှိစောင့်စားခြင်းတွေ ငါ့အတွက်ရှိနေဆဲပဲ…

မာနဓားသွားဆိုတာလည်း တုံးအလို့
ခံနိုင်ရည်တွေလည်း ပြိုပျက်ပြီး
စိုးရိမ်စိတ်အပြည့်နဲ့ ဝေးရမှာသိပ်ကြောက်တဲ့ ငါ
ခပ်ယဲ့ယဲ့နဲ့ဘဲ နင့်ဘေးနားမှာရှိနေဆဲပါပဲ…

မျက်ရည်ဆိုတာကို သိပ်မုန်းတဲ့နင်
နင်နဲ့ပတ်သတ်ရင် မျက်ရည်သိပ်လွယ်တဲ့ငါ
ဒီနှစ်ဦးကြားက ကွာဟချက် တချို့
ညှိယူရင်း ငါဆက်ငိုကြွေးနေရဦးမှာပါပဲ…

လိုက်လျောမှုကင်းတဲ့ နင့်ရဲ့ချစ်ခြင်းတိုင်းပြည်မှာ
ငါ့အချစ်တွေက အလျော့ပေးသည်းခံခြင်းမြို့ပျက်ဖြစ်လို့
နာကျင်ခြင်း ဝေဒနာတွေပေးနေပေမဲ့လည်း
ဝေးကွာခြင်းတွေမနီးစပ်စေဖို့ကြိုးစားနေခဲ့ရတယ်...

စကားလုံးတိုင်းရဲ့ တန်ဖိုးကကျဆင်းလာတော့
ပြောရသူ အင်အားလည်းတဖြည်းဖြည်းယုတ်လျော့
တချိန်က မာနဆိုတာကလည်းပဲ အပေါစားဆန်ဆန်
ဟားတိုက်သူထံက ဒီတခါတော့ခွင့်ပြုနော် ဆိုတာပဲထပ်ကြားရပြန်ပြီ။ ။

ပြောင်းလဲခြင်းနှင့် မပြောင်းလဲသောခြွင်းချက်တချို့....

ပြောင်းလဲတတ်လွန်းတဲ့ လောကကြီး
ယုံကြည်နိုင်စရာရယ်လို့ ဘာများရှိဦးမှာလဲ….
အရာရာက အလိုတူခြင်းရော အလိုမတူခြင်းရောကင်းကင်းနဲ့ပဲ
သူဆန္ဒသူ့ဆောင် သူလိုရာပြောင်းလဲနေတတ်တုန်းပဲ……
ရုပ်ပိုင်းဆိုင်ရာ လား စိတ်ပိုင်းဆိုင်ရာ လား……
ဒီလိုနဲ့ တဖြည်းဖြည်း ငါ နေခဲ့တဲ့ရက်တွေလည်းရှည်ခဲ့ပြီ
ငါ့ကိုဖြစ်တည်စေသူလည်း ပြောင်းလဲလို့လာခဲ့…..
သူ တဖြည်းဖြည်း အိုဟောင်းလို့လာနေပြီ…..

ခြွင်းချက် တစ်ခုတော့ ရှိတယ် …..
သူ့စိတ်ဆန္ဒတွေကတော့ ပြောင်းလဲခြင်းထဲပါမသွားဘူး
ထာဝစဉ် မပြောင်းလဲဘဲ ငါဆိုတာကိုစိတ်ကူးလေးနဲ့မျှော်ကြည့်စဉ်ထဲက အတိုင်းလေးပဲ….
လောကဓံကို ကောင်းကောင်းကြီး အံတုနိုင်ခဲ့….
ငါ့ဆီက ဆိုးဒဏ် ကောင်းဒဏ် ရွေးယူလို့ မရခဲ့သလို
သူကိုယ်တိုင်လည်း ဆိုးခြင်းကောင်းခြင်း ဘယ်အရာကိုမှ
ရွေးယူလိုတဲ့ ဆန္ဒမရှိခဲ့ဘူး……..ဆိုတာ ငါသိလိုက်ရပြီ
သူမှ မဟုတ်ပါဘူး သူ့လိုသူတိုင်းဆန္ဒတွေထပ်တူပဲ
တစ်ခုခုကိုရွေးချယ်ဆိုရင်တောင် ဆိုးဒဏ်ကိုပဲ ရွေးကြဦးမဲ့သူတွေ။

ငါ့ အကျိုးအတွက် သူ အဆိုးခံကြလွန်းတော့
သူအချိန်မတိုင်ဘဲ ပိုအိုဟောင်းသွားရပြီ
သူမောပန်းနေပြီလား နာကျင်နေပြီလား
ငါဒီလိုဖြစ်ဖို့သူပျိုးထောင်ခဲ့ရတာမောပန်းနေပြီလို့ ပြောလှည့်ပါတော့လား
နှုတ်က ထုတ်မပြောပေမဲ့လည်း သူ့အပြုံးတွေထဲမှာ မြင်လိုက်ရတယ်
ငါတို့ရဲ့အပြုံးလေးတွေက သူ့အတွက်အားဆေးတစ်ခု
သူ့ရဲ့ထာဝရနုပျိုလန်းဆန်းနေတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့
သူ့အမော သူ ပြန်ဖြေနေခဲ့တယ်…..
သူ့ ဒဏ်ရာ သူ ကုသပေးနေခဲ့တယ်……

တောင်းပန်ပါတယ် မေမေ … သမီးတကယ်ပဲ မှားခဲ့ပါတယ်
တချိန်က နာခံလိုခြင်းမဲ့မိတာတွေရှိခဲ့ဖူးတာ နားမလည်တတ်သေးလို့ပါ
မေမေ့ရဲ့  မပြောင်းလဲခြင်းတွေကြောင့် သမီးဖြစ်တည်ခဲ့ရပြီ
သမီး ပျော်ရွှင်ခဲ့ဖူးပါပြီ သမီး ခံယူတတ်ခဲ့ပါပြီ…….
ဒီလိုလေး စိတ်ထဲကရေရွတ်ရင်းတောင် ကျေနပ်ပီတိဖြစ်မိပြီ…
သမီးငယ်ငယ်က အမေ၀ယ်ပေးခဲ့တဲ့ အရုပ်ကလေးကလေ
အခုတော့ ကမ္ဘာမှာ သမီးအတွက် တန်ဖိုးအရှိဆုံးဝတ္ထုတစ်ခု
ပြန်မရနိုင်တော့မဲ့ မပြောင်းလဲသောလက်ဆောင်……။
ဒီလိုလေး မေမေ့ရင်ထဲတိုးဝှေ့ရင်း ချွဲချွဲနွဲ့နွဲ့ဖွင့်ဟမိရင်
မေမေ ဘယ်လောက်များကျေနပ်ပီတိတွေနဲ့ ပျော်ရွှင်မိမလဲ
စိတ်ကူးလေးနဲ့တောင် သမီးကျေးဇူးဆပ်ရာရောက်ပါတယ်လို့များ
မေမေ ပြန်ပြောဦးမှာလား ဟင်……….။


မေမေ …. နှစ်ဆယ့်တစ်ရာစု အစကထက်
အိုဟောင်းသွားပြီနော်…သမီးဆိုးခဲ့လွန်းလို့လားဟင်…..
အရင်က ဂျီကျနေတဲ့ သမီးက အခု မေမေ့နားမှာ အားဖြစ်စေဖို့
မေမေ့အမောတွေ ဖြေပေးမဲ့ အားဆေးတခွက် ဖြစ်စေဖို့
မေမေ့ မပြောင်းလဲခြင်းတွေ သမီးအနားမှာတည်ရှိနေပါဦးနော်….
ကြုံလာရတဲ့ လောကဓံတွေကို သမီးတို့ မသိလိုက်ရဘဲ
မေမေ တစ်ယောက်တည်းကျိတ်ဖြေရှင်းနေခဲ့တယ်ဆိုတာ
သမီး သိနှင့်နေပါတယ် ဒါပေမဲ့ မေမေရယ်……
အကူအညီရယ်လို့ ဘာမှပေးနိုင်စွမ်းမရှိလေတော့လည်း
သမီး မသိချင်ယောင်ဆောင်ပေးတာ အကောင်းဆုံးဖြစ်နေတယ်…
အခုတော့ မေမေရယ် အထောက်အကူမရခဲ့တောင်
မေမေရဲ့စိတ်ထဲ ခံစားရတဲ့ဒုက္ခတွေ ဝေမျှပေးပါတော့နော်…..။

မေမေကတော့ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်တုန်းကလိုပဲ
သမီးကို ကလေးလေးလို သဘောထားတုန်းပဲနော်…
မေမေရဲ့သမီးအပေါ်မပြောင်းလဲခြင်းတွေထဲမှာ သမီးကို ချစ်ခြင်းတွေ
သမီးအပေါ် စိုးရိမ်ခြင်းတွေ သမီးအပေါ် ဂရုစိုက်ခြင်းတွေ
လျော့ပါးခြင်းဝေးပြီး မပြောင်းလဲဘဲ ဆက်ရှိနေဦးမယ်ဆိုတာ တောင်
မေမေအနားက မေမေ့ကိုယ်ပွားလေးအဖြစ်နဲ့ သမီးကိုလေ
မေမေနဲ့အတူတူ လောကဓံဒုက္ခဟူသမျှရင်ဆိုင်ဖူးအောင်
ပြောင်းလဲမြင်လှည့်ပါတော့ မေမေရယ်…….။

ချစ်နေခြင်းအပြစ်အတွက် ထာဝရ အမိန့်

လေပြေတချက်တိုက်ခိုက်ချိန်တိုင်း
လေပြေနဲ့အတူ အလွမ်းတွေအနားကထွက်ခွာသွားကြပါ
"အရူးမ"လို့ ငါ့အားခေါ်ဆိုတတ်သော သူအနားသို့ ရောက်အောင်သွားကြပါ...

သော်တာလမင်းပြည့်ဝစဉ်တိုင်း
အေးမြတဲ့အလင်းနဲ့အတူ ငါ့အဖြစ်ကိုကြည့်ရှုရင်း အမှောင်ထဲထားသွားကြပါ
"သတိရတယ်"လို့ ငါပြောချင်နေသော သူကိုငါ့အကြောင်းပြောပေးကြပါ........

မုသားတွေ ကြားရချိန်တိုင်း
ငါ့အာရုံတွေ ငါ့နားတွေအစားပိတ်နေပေးကြပါ
"အယုံလွယ်သူ" လို့ ငါ့အားသတ်မှတ်နေသော သူ့အားယုံကြည်ချင်လို့ပါ.....

ပြိုလဲစေအောင် နာကျင်ချိန်တိုင်း
ဒဏ်ရာတွေနဲ့ငါ့ကို အခြားတပါးလျစ်လျူရှုနေပေးကြပါ
"ရှုံးနှိမ့်သူ"လို့ ထပ်ခါထပ်ခါ ဟားတိုက်မဲ့အစား မျက်နှာလွှဲပေးကြပါ.......

ရင်ထဲက ခံစားချက်တွေပြည့်လျှံလာတိုင်း
မျက်ရည်တွေနဲ့အတူ ခံစားချက်တွေခုန်ဆင်းကြပါ
"အမှတ်မရှိသူ"ဆိုတဲ့ ငါ့အား အပြစ်ဒဏ်အနေနဲ့ ထာဝရလွမ်းနေမိန့်ပေးသွားပါ....

ဖြေနေကျ အဖြေလေးမို့...

မာယာတွေများလားလို့ ဦးနှောက်နဲ့ချင့်ချိန်နေလဲ
အဖြေမှန်မထွက်ဘဲနဲ့ စုံလုံးကန်းခဲ့ပြန်ပြီ
ငါဘာလို့ ဒီလောက်အမှတ်မရှိတာလဲလို့
သူငယ်ချင်းတွေ ၀ိုင်းပြောနေကြတော့လည်း
ငါ တကယ်ချစ်မိနေလို့ပါလို့ အရှက်မရှိဘဲ ဖြေမိတုန်းပဲ...

အလိမ်အညာတွေပါလို့ သတိတွေပေးနေကြလည်းပဲ
ချိုမြိန်စေမဲ့ ကာရံတွေပါလို့ ယုံကြည်နေမိတုန်းပဲ
ငါဘာလို့ ဒီလောက်တုံးအသွားတာလဲလို့
အပြစ်တင်လာသူတချို့ကိုတော့ ငါပြုံးပြရင်းပဲ
အချစ်ဆိုတာ ဒီလိုပဲလို့ နားလည်ချင်ယောင်ဆောင်ခဲ့တာပဲ....

တခါတလေပြုံးပြနေတဲ့ နင့်အပြုံးလေးတွေကို
ငါ တွေတွေလေးကြည့်ရင်းပဲ ငါထပ်အရှုံးပေးခဲ့တယ်
မကြာမကြာ စူးရဲရဲနင့်အကြည့်တွေကိုပဲ
ငါ စိုးရွံ့ ရွံ့ နဲ့ပဲ ခိုးခိုးကြည့်ပြီး နှစ်ခြိုက်နေခဲ့တယ်
ငါ့မျက်လုံးတွေထဲမှာ အပြုံးဘာသာနဲ့ စကားတွေဆိုနေခဲ့တာပဲ....

နှိုးစက် တစ်ခုဖြစ်သွားချိန်လေးမှာတောင်
တာဝန်ဆိုတာတစ်ခုအတွက် အချိန်မှန်မှန် နိုးထခွင့်ပေးရမယ်
ငါကရော နင့်အတွက်နှိုးစက်တစ်ခုဖြစ်ခွင့်ရခဲ့ရင်
နင့်ရဲ့ မနက်ခင်းနာရီလေးတွေတိုင်း ငါအချစ်တွေနဲ့နိုးထခွင့်ပေးရမှာပါလား
ငါတကယ်ပဲ နင့်နှိုးစက်လေး ဖြစ်ခွင့်ရချင်ခဲ့တာပါပဲ.....

ကာလတစ်ခုအတွင်းမှာ သိပ်ချစ်သွားတာလားလို့မေးလာခဲ့ရင်
သံယောဇဉ်တွေကို သူလက်နက်အဖြစ်ယူဆောင်လာပြီး
ငါ့ကို ခပ်တင်းတင်းတုတ်နှောင်ထားရစ်ခဲ့တာပါလို့
ရုန်းထွက်ဖို့ မေ့လျော့ရင်းပဲ ချစ်တတ်ဖို့သိခဲ့တာပါလား
ငါဖြေနေကျအဖြေလေးတစ်ခုထဲကိုပဲ ငါဆုပ်ကိုင်ထားတုန်းပဲ.....

အဝေးရောက်သူ

နေ့စွဲတွေ မသေချာပေမဲ့
ရင်ခုန်သံတွေတော့ ကျမ်းကျိန်ဝံ့ပါတရ်
မာယာဆိုတာ မြူတစ်စလေမှမပါဝင်ခဲ့ဘဲ
ကြောက်ရွံ့စွာ ဆုံဆည်းခဲ့ပါသည်......။

"သူ"ဆိုတဲ့ဝေါဟာရနဲ့ အနူးညံ့ဆုံးသုံးပြီး
သီးခြားဆက်သွယ်မှုလေးဆီမှ လှုပ်ခတ်သံအား
မသိစိတ်ရော အသိစိတ်ရော မသိအောင်
စောင့်မျှော်မှန်းမသိ စောင့်မျှော်နေခဲ့ပါသည်....။

အချိန်ဆိုတာ ပညတ်ချက်တစ်ခုဆိုခဲ့ပါလျှင်
အဲဒီ ပညတ်ချက်အားလိုက်နာစေလို၍
ပညတ်ချက်အတွင်း၌သာ နေပေးရန်တောင်းဆိုခဲ့သောကြောင့်
နေနေပါ့မယ်လို့ ကတိပြုခဲ့ပါသည်....။

မိုင်ပေါင်းရာချီ ဝေးကွာမှုအပေါ်၌
မိုင်ပေါင်းကုဋေချီဝေးကွာမှုမျိုး မဟုတ်သေးလို့
နီးနီးလေးပါလို့ ပြောဆိုသတ်မှတ်ကြရင်းကပဲ
ဝေးလို့ဝေးမှန်းမသိ ဝေးသွားခဲ့ပါသည်....။

I need MoreTime For Missing!!!!

မေ့ပစ်ဖို့ကြိုးစားနေလို့ သတိတွေမပေးတော့ဘူး
နှုတ်ဆက်ဖို့အရေးမပါမိလို့ မမျှော်လင့်နေတော့ဘူး
နေတတ်သင့်သလောက်နေတတ်နေဖို့
ငါ့မနေ့က စိတ်တွေကို ဒီနေ့ခေါ်မလာခဲ့ဘူး……

Who am I ? ဆိုတဲ့အဖြေ ငါမသိသေးပါဘူး
ဒါပေမဲ့ What is my position? ဆိုတာတော့
မျှော်လင့်ထားသလိုပဲ သိလိုက်ရတယ်
ဒါပေမဲ့ မနေ့ကတော့ ခံနိုင်ရည်တွေ ပျောက်ဆုံးသွားသေးတယ်…..

ဒဏ္ဍာရီတွေထဲကလို ငါ့မျက်ရည်တွေမခမ်းသေးပေမဲ့
ငါ တညလုံးအကြာကြီး မျက်ရည်ကျဖူးခဲ့ပြီ
ဘယ်တော့မှ နားလည်ခြင်းမခံရမဲ့ ငါ့စိတ်တွေကို
နားလည်နေကြတဲ့ပုံစံဖြစ်ဖို့ ကြိုးစားနေပေးမယ်…..

နေမြင့်ရင် အရူးရင့်တယ်လို့ လူတွေပြောလေ့ရှိကြသလို
သန်းခေါင်ယံတွေဟာ ငါ့အတွက်မွန်းတည့်ချိန်တွေပဲလား
တခြားသူတွေလို ဂစ်တာသံနဲ့ချော့သိပ်ကြသလို
ငါ့မျက်ရည်တွေကလည်း ညတိုင်းတာဝန်မှ မပျက်ခဲ့တာပဲ…..

မေ့ပစ်ခံနေရပေမဲ့ ငါမမေ့ပစ်နိုင်ပါဘူး
နှုတ်ဆက်မသွားပေမဲ့ ငါလက်ပြနေရစ်ခဲ့ပါတယ်
နေတတ်သင့်သလောက်နေတတ်ဖို့တော့
ဒီနေ့လိုနေမျိုးတွေ မျက်ရည်တွေနဲ့အများကြီးလိုအပ်ဦးမယ်………

I can't stand Anymore!!!!

မှားရင်းယွင်းရင်းနဲ့ အမှားအယွင်းတွေ လုပ်နေမိနေတယ်
နောင်တဆိုတာကို မုန်းမုန်းကြီးနဲ့ သိမ်းထားနေရတုန်းပဲ
ပျော်နေတဲ့တချို့သူတွေကိုကြည့်ရင်း ကျဆုံးနေရတာပဲ
တခါတလေ မထူးမဲ့ဇာတ်ကိုလည်း ဆက်ရေးနေချင်မိသေးပေမဲ့
ဒီထက် ပိုဝေးမှာကြောက်လို့ ဒီနေရာမှာရပ်နေမိခဲ့တော့တာပဲ………….

ဒီနေ့ မျိုသိပ်နေရတဲ့ဘ၀ကို သဘောကျတယ်
မနက်ဖန် ငါ့စိတ်ထဲကဆန္ဒတွေကို သိစေချင်နေပြန်ရော
ငါ့ရင်ထဲမှာတစ်နေရာရာလစ်ဟာသွားသလိုပဲ
တခါတလေ ဘာရှာလို့ရှာနေမှန်းမသိဘူး
ငါဘာပျောက်ဆုံးသွားခဲ့တာလဲ…………

အမှန်ကတော့ ရှိနေတာကိုတန်ဖိုးမထားတတ်
ပျောက်ကွယ်သွားမှာကို နှမြောနေတတ်ပြန်ရော
အနိုင်ရတာတွေများလာရင် အရှုံးပေးတတ်ချင်တယ်တဲ့
လူတွေဖြစ်တတ်တဲ့ သဘာဝဆိုတာက ခက်သားပဲလား
အခု ငါအနိုင်ပြန်လိုချင်နေပြန်ပြီ………..

ဗီးနပ်စ်က သောကြာဂြိုလ်ကိုစိုးမိုးတယ်တဲ့
ငါ့ရဲ့ ငွေရောင်ဗီးနပ်စ်တိုင်းကျပြန်တော့လည်း ခပ်မှိုင်းမှိုင်းချည်းပဲ
ခပ်ဝါးဝါး လရောင်အောက်က ညသန်းခေါင်ကြောင့်လား
ခပ်မွဲမွဲကြည့်မကောင်းတဲ့ငါ့မျက်လုံးတွေကြောင့်လား
ခပ်ပြုံးပြုံးပါးပြင်ထက် မျက်ရည်တွေကြောင့်လား…

အခါးသက်ဆုံးကော်ဖီ

ခါးတယ်.... နာနာကျင်ကျင်ကို ခါးတယ်....
ငိုရှိုက်သံကလည်း ရပ်တန့်ရခက်....
တခါတလေမှာ ပြောင်းလဲမသွားဖို့....
မျှော်လင့်နေတာကို မေ့ပစ်ရတာ ဘ၀....တဲ့။

ငိုမယ်.... အားရအောင်ငိုချင်တယ်....
လွတ်လပ်စွာ ငိုခွင့်မရခဲ့....
တခါတလေမှာ လျှို့ဝှက်ခြင်းဟာ....
ဒဏ်ရာတွေကို အနာရင်းစေတာ အမှန်...ပဲ။

ပြုံးတယ်.... လူတွေရှေ့ရောက်နေတယ်....
အပြုံးတွေကို ဟန်ဆောင်တတ်လာပြီ....
တခါတလေမှာ ဒီအပြုံးတွေအစစ်မှဟုတ်ပါ့မလား....
တွေးတွေးကြည့်ရင်းပဲ အဖြေမထွက်ခဲ့တာ ကြာပြီ....ကွယ်။

တခါတလေ ဘ၀ဟာခါးတယ်တဲ့ ....လူတွေပြောကြတယ်....
espresso double တခွက်လောက်မှ ခါးလေပါ့မလားလို့....
စဉ်းစားကြည့်နေမိတယ်.... တကယ်တော့ ဘ၀ရဲ့ခါးသီးမှုဟာ...
Researcher တွေရှာမတွေ့သေးတဲ့ အခါးသက်ဆုံးကော်ဖီစေ့တမျိုးပါပဲ .....။